မင်္ဂလာပါ...
ကျွန်တော် ဒီတစ်ခါ ကိုသူရိယ ဆောင်ပါးလေးတင်ပေးလိုက်ပါတယ် သိသင့်သော ပညာရေးအမြင်......
တြိဂံပုံသဏ္ဍာန်(၁)
ပညာရေးတွင် အခြေခံပညာရေးနှင့်အဆင့်မြင့်ပညာရေးဟူ၍ ၂ မျိုးခွဲထားသည့်အနက် အခြေခံပညာရေးကဏ္ဍတွင် သင်ကြားမှု ပြီးမြောက်အောင်မြင်ရေးအတွက် မိဘ၊ ကျောင်းသားနှင့် ဆရာ သုံးပွင့်ဆိုင်ညီညွတ်မှုရှိဖို့လိုအပ်သည်။ သည်အချက်ကိုပင် တြိဂံပုံသဏ္ဍာန်အရေးပါမှုဟုလည်း ဆိုကြသည်။
အခြေခံပညာရေး (Secondary Education)ကို နိုင်ငံအလိုက် ၁၀ တန်း (သို့မဟုတ်) ၁၂ တန်းအထိသတ်မှတ်ထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိအားဖြင့် ၁၀ တန်းအထိပြဋ္ဌာန်းထားပြီး၊ သူငယ်တန်းအပါအ၀င် ၁၀ တန်းအထိ စာသင်ချိန် ၁၁ နှစ်ခန့်တက်ကြရသည်။
ကျွန်တော်တို့သည် အဘယ်ကြောင့်အခြေခံပညာရေး အရေးပါသနည်းဆိုသောမေးခွန်းကို ကြိမ်ဖန်များစွာမေးခဲ့ပြီးဖြစ်သည်။ သည့်အတွက် အဖြေအမျိုးမျိုးလည်း ရှိခဲ့ပြီးဖြစ်သည်။ အခြေခံပညာရေးသည် မူလတန်းပညာရေးနှင့် အဆင့်မြင့်တက္ကသိုလ်ပညာရေးအကြား ပေါင်းကူးဖြစ်ခြင်း၊ မူလတန်းပညာရေးသက်သက်ဖြင့် မည်သို့မျှရပ်တည်၍မရသော ၂၁ ရာစုခေတ်ထဲရောက်ရှိလာခြင်း၊ (ယခင်က မြန်မာ့လူမှုနယ်ပယ်တွင် သေစာရှင်စာတတ်ပါက ဆက်လက်သင်ကြားရန်မလိုသည့်အယူအဆရှိခဲ့သည်) အချို့အသက်မွေးဝမ်းကြောင်းအလုပ်များသည် ၁၀ တန်းအောင်ရုံမျှဖြင့် ၀င်ရောက်လုပ်ကိုင်နိုင်ခြင်း နှင့် အချို့အသက်မွေးဝမ်းကြောင်းသင်တန်းများသည် အခြေခံပညာရေးအောင်မြင်ပြီးမှ တက်ရောက်သင်ယူနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။
ထိုမျှသာမက အခြေခံပညာရေးသည် လူ့ဘ၀အတွက်အခြေခံကျသောအသိသညာတို့ကို အထိုက်အလျောက်သင်ကြားပေးလိုက်ပြီးဖြစ်သဖြင့် ကမ္ဘာ့လုံးဆိုင်ရာပြဿနာများဖြေရှင်းရေးတွင် သွယ်ဝိုက်သောအကျိုးသက်ရောက်မှုများရှိကြောင်း စစ်တမ်းများအရသိနိုင်ပါသေးသည်။
ဥပမာ- အခြေခံပညာအောင်မြင်ထားသော လူမှုဝန်းကျင်တွင် ဆင်းရဲမွဲတေမှုလျှော့ချနိုင်ခြင်း၊ အချိန်မတိုင်မီအိမ်ထောင်ပြုခြင်းကို ကာကွယ်နိုင်ခြင်း၊ လူဦးရေပေါက်ကွဲမှုကို ထိန်းချုပ်နိုင်ခြင်းနှင့် ရာဇ၀တ်မှုများကျဆင်းနိုင်ခြင်း အစရှိသော လူမှုပြဿနာများကို ပြေလည်စေနိုင်သည်။ သည့်အတွက် လူတိုင်းမသင်မဖြစ် အခြေခံပညာကို သင်ယူရန်လိုအပ်သဖြင့် ဆရာ၊ မိဘ၊ ကျောင်းသားတို့၏ တြိဂံပုံသဏ္ဍာန်ဆက်နွယ်ချက်ကို ပိုမိုကျစ်လစ်ခိုင်မြဲစေရန် အလေးပေးရလိမ့်မည်ဖြစ်သည်။
ဆရာများ၏ကဏ္ဍကို လေ့လာရာ၌ သင်ရိုးညွှန်းတမ်းကောင်းရှိခြင်း၊ အရည်အချင်းမှီသော ကျောင်းဆရာအရည်အတွက် လုံလောက်မှုရှိခြင်း၊ စာသင်ခန်း၊ သင်ထောက်ကူပစ္စည်းနှင့် ကျောင်းသုံးစာအုပ်များ ပြည့်စုံလုံလောက်ခြင်းတို့ပါဝင်သည်။ ကျောင်းသားအရည်အတွက်နှင့် မမျှတသည့် ကျဉ်းကျပ်သောစာသင်ခန်းများသည်၎င်း၊ ကျောင်းသားဦးရေနှင့်ဆရာဦးရေ အချိုးမမျှတခြင်းသည်၎င်း၊ ထူးချွန်ထက်မြတ်သောကျောင်းသားများမွေးထုတ်ပေးရေးတွင် ကြီးစွာသောအဟန့်အတားများဖြစ်သည်။ ထိုအရာအာလုံး၏နောက်ကွယ်၌် နိုင်ငံတော်မှ ချမှတ်ပေးသည့် ဘတ်ဂျတ်မှာ အဓိကနေရာမှ ပါဝင်လျှက်ရှိသည်။
မိဘများကဏ္ဍဘက် ကြည့်မည်ဆိုလျှင် ကျောင်းသား၏ကျောင်းနေပျော်မှုနှင့် ပညာရည်အဆင့် အတက်အကျကို မျက်ခြေမပြတ် အကဲဖြတ်လေ့လာနေရုံသာမက၊ အခါအားလျော်စွာကျင်းပသည့် မိဘဆရာအသင်းအစည်းအဝေးများတွင် ပါဝင်တက်ရောက်ဆွေးနွေးခြင်း၊ ဆရာများနှင့် မကြာခဏ တိုင်ပင်ခြင်းတို့ဖြင့် အားပေးကူညီရမည်ဖြစ်သည်။ မိမိတို့၏သားသမီးများကို အတန်းထဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရေးလောက်ကိုသာ ဦးစားမပေးသင့်ပါ။ ဥပမာ- စာသင်သား ၄၀ ခန့်ရှိသော အတန်းထဲတွင် ထူးချွန်သူ ၃ ယောက်ကိုသာရွေးချယ်လိုက်ခြင်းသည်၊ ကျောင်းသားများ၏ ပြိုင်ဆိုင်လိုစိတ်ကို နှိုးဆွဖို့ထက်၊ ကျန်ကျောင်းသားများကို ခွဲခြားဆက်ဆံသည့်အလေ့အထတစ်ခုအဖြစ် သံသယရှိစရာကောင်းသောကြောင့်ဖြစ်သည်။ ထို့ပြင် ကျောင်းစာသက်သက်မဟုတ်ဘဲ ကလေးများ၏ ပတ်ဝန်းကျင်လေ့လာမှု၊ အထုံဝါသနာ၊ အားကစား၊ ရိုင်းပင်းကူညီလိုသောအလေ့အထ.. အစရှိသည်များဘက်၌ လစ်ဟင်းမှုမရှိစေရန် မြေတောင်မြှောက်ပေးရဦးမည်ဖြစ်သည်။
ကျောင်းသားများဘက်မှ ပူးပေါင်းပါဝင်မှုအတိမ်အနက်ကို လေ့လာရာ၌ အမေရိကန်မှ နာမည်ကျော် စီမံခန့်ခွဲမှုသင်ကြားရေးအဖွဲ့ဖြစ်သည့် ဖရန်ကလင်ကိုဗေးအဖွဲ့မှ ပြုစုထားသော စစ်တမ်းကောက်မေးခွန်းများကို ကောက်နှုတ်တင်ပြလိုပါသည်။ ထိုမေးခွန်းများထဲတွင် ပထမဆုံးမေးခွန်းတစ်ခုသာ ကျောင်းစာနှင့်တိုက်ရိုက်သက်ဆိုင်ပြီး၊ ကျန်မေးခွန်းများက ကျောင်းသားဘ၀နှင့်သက်ဆိုင်သည်ကိုတွေ့ရပါသည်။
၁။ ပညာရေးနှင့်ပတ်သက်၍ မည်သို့ပြင်ဆင်လေ့လာမှာလဲ၊ ထိုပညာရေးကို မည်သို့အသုံးချမှာလဲ၊
၂။ မည်သို့သော သူငယ်ချင်းမျိုးကိုရွေးချယ်မှာလဲ၊ မည်သို့သောသူငယ်ချင်းမျိုးဖြစ်အောင် မိမိကိုယ်ကို ပြင်ဆင်မှာလဲ၊
၃။ မိဘများနှင့် နွေးထွေးသောဆက်ဆံရေးရှိအောင် မည်သို့ကြိုးစားမလဲ၊
၎။ ရိုးသားသန့်စင်၍ အပြစ်ကင်းသော ချိန်းဆိုမှုရှိပြီလား၊ (လိင်ပညာရေးနှင့်ဆိုင်သောမေးခွန်းဖြစ်သည်၊ မည်သည့်အသက်အရွယ်၌ လိင်ပညာရေးကို သင်ကြားပေးသင့်သလဲဆိုသည်မှာ နိုင်ငံအလိုက် ယဉ်ကျေးမှုအလိုက် အငြင်းပွါးစရာဖြစ်သော်လည်း၊ အများစုလက်ခံနိုင်သည်က စိတ်ကစားတတ်စ ဆယ်ကျော်သက်အရွယ်ဖြစ်သည်)
၅။ စီးကရက်၊ အရက်၊ မူးယစ်ဆေးဝါးနှင့် အခြားစိတ်ကိုပြောင်းလဲစေသောပစ္စည်းတို့အပေါ် မည်သို့သဘောထားသလဲ၊
၆။ ကိုယ့်ကိုယ်ကို ကျေနပ်နှစ်သက်ခြင်း၊ ဂုဏ်ယူခြင်းရှိပါသလား၊
မြန်မာနိုင်ငံပညာရေးစနစ်အရ တစ်ရက်လျှင် စာသင်ချိန် ၆ နာရီ ၀န်းကျင်ခန့်ရှိပြီး၊ တနှစ်လျှင် စာသင်ချိန်ပေါင်း ၁၈၀ ရက်ခန့်ရှိသဖြင့်၊ နိုင်ငံတကာနှင့်တန်းတူဟုဆိုရပါမည်။ သို့သော် မြန်မာနိုင်ငံ၏ကျေးလက်ဒေသအခြေအနေများကြောင့်၎င်း၊ မိသားစုစားဝတ်နေရေးကြောင့်၎င်း ကျောင်းတက်ရမည့်အချိန်များတွင် အလုပ်လုပ်နေရသောကျောင်းသားများ၊ မိဘကို ကူညီနေရသောကလေးငယ်များရှိနေကြောင်း ကျွန်တော်တို့ မမေ့သင့်ပါ။ ထိုကျောင်းသားများအတွက် ကျောင်းခေါ်ချိန်ကို လိုအပ်သလို ချိန်ညှိနားလည်ပေးဖို့ စဉ်းစားသုံးသပ်သင့်ပါသည်။ ခေတ်အဆက်ဆက်ထဲကပင် ထိုသို့သော ကလေးများသည် မိသားစုတာဝန်များနှင့် ကျောင်းစည်းကမ်းများအကြား မြေဇာပင်ဖြစ်ခဲ့ရသည်။ နောက်ဆုံး၌ ကျောင်းသားဘ၀ကို အဆုံးသတ်လိုက်ခြင်းသည်သာ သူတို့အတွက် ထွက်ပေါက်ဖြစ်ခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ဖို့လိုနေပါသည်။
ထို့ပြင် စာမေးပွဲကျရှုံးကျောင်းသားများအတွက် စိတ်ဓါတ်ရေးရာ အနာတရမရှိစေရန် ပြစ်တင်ဒဏ်ခတ်မည့်အစား အားပေးနှစ်သိမ့်ခြင်း၊ နားလည်မှုထားခြင်း၊ မိမိကိုယ်ကိုယုံကြည်မှုပြန်လည်တည်ဆောက်စေခြင်း နှင့် သင့်တော်သောအတန်းခွဲများတွင် နေရာချထားခြင်း၊ ကျရှုံးခဲ့သောအတန်းကို တစ်နှစ်လုံးပြန်တက်စေမည့်အစား တိုးတက်ထူးချွန်မှုအလိုက် ကြားဖြတ်အတန်းတင်ပေးခြင်းမျိုးကိုလည်း အလေ့အကျင့်လုပ်ပေးသင့်သည်ဟုထင်ပါသည်။
“ ကျောင်းသားအားလုံးအတွက်ပညာရေး “ ( All Inclusive Education ) တည်ဆောက်ဖို့ မတူကွဲပြားသောကျောင်းသားအမျိုးအစားများ ကျောင်းတော်ရိပ်သို့ရောက်လာအောင် ဆွဲဆောင်ရဦးမည်ဖြစ်သည်။ ကျောင်းသားများကိုအမျိုးအစားခွဲခြားသည် မတူကွဲပြားမှုအပေါ်မူတည်၍ ပံ့ပိုးကူညီနိုင်ရန်အတွက်သာဖြစ်ပြီး၊ ခွဲခြားဆက်ဆံဖို့မဖြစ်သင့်ပါ။
ခန္တာကိုယ်မသန်စွမ်းသူများ၊ မှတ်ဥာဏ်ဆိုင်ရာပြဿနာရှိသူများ၊ ဘာသာစကားမတူ လူမျိုးမတူ၊ ကိုးကွယ်ယုံကြည်မှုမတူကျောင်းသားများ၊ ဆင်းရဲသားရပ်ကွက်မှကျောင်းသားများနှင့်လေလွင့်လူငယ်များ၊ အိပ်ခ်ျအိုင်ဗွီအပါအ၀င်ကူးစက်ရောဂါခံစားနေရသူများ၊ မူးယစ်ဆေးစွဲခဲ့ဖူးသူများ၊ လူကုန်ကူးခြင်း၏ဓားစာခံဖြစ်ခဲ့ရသူများ၊ ပြန်လည်လေ့ကျင့်ရေးစခန်းများမှကျောင်းသားများ၊ အထူးအကူအညီလိုအပ်သည့် ကျန်းမားရေးချို့တဲ့ကလေးငယ်များ အစရှိသည်တို့ကို သက်ဆိုင်ရာစာသင်ခန်းများထဲသို့ ရောက်ရှိလာစေရန် အားလုံးအသိရှိရှိလက်တွဲဆောင်ရွက်ကြရပါမည်။
သို့မှသာ စာသင်ခန်းထဲမှ စာသင်ချိန်များသည် ကျောင်းသားများ၏အနာဂတ်ကို ထုဆစ်ရုံသာမက၊ တိုင်းပြည်၏အနာဂတ်ကိုပါပြောင်းလဲစေမည့်အချိန်များအဖြစ် တန်ဖိုးတက်လာမည်ဖြစ်သည်။
တြိဂံပုံသဏ္ဍာန် (၂)
အဆင့်မြင့်ပညာရေးကဏ္ဍတွင် ထိုတြိဂံပုံစံထဲ၌ ပါဝင်သူများမှာ အပြောင်းအလဲရှိလာသည်။ နိုင်ငံတော်၊ ကျောင်းသား နှင့် ဆရာ ဟူ၍ဖြစ်သည်။ နိုင်ငံတော် ဟုဆိုရာ၌ အစိုးရသက်သက်မဟုတ်ဘဲ အစိုးရမှချမှတ်သော စီးပွါးရေးဆိုင်ရာမူဝါဒများနှင့် စီးပွါးရေးဇုန်များ၏အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်မှုများကို ရည်ညွှန်းပါသည်။ ဆရာဟုဆိုရာတွင် တက္ကသိုလ်ဆရာများအပြင်၊ တက္ကသိုလ်၏ဂုဏ်သိက္ခာအစဉ်အလာများ၊ တက္ကသိုလ်မှရရှိမည့်ဘွဲ့လက်မှတ်၏အရေးပါမှုများကိုလည်း ဆိုလိုပါသည်။
အဆင်မြင့်ပညာရေး(Higher Education)သည် ကျောင်းသားများ၏ ဘ၀ရည်မှန်းချက်၊ ၀ါသနာနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာမျှော်မှန်းချက်များကို ထင်ဟပ်ကြောင်း အထူးပြောစရာမလိုပါ။ တက္ကသိုလ်တက်ခြင်းသည် နောက်ထပ်အချိန်နှင့်ငွေကြေးများ ထပ်မံရင်းနှီးရသဖြင့် ဘာသာရပ်တစ်ခုခုကို ရွေးချယ်ကြရတိုင်း ကျောင်းသားများအနေဖြင့် အနည်းနှင့်အများတော့ စိတ်ဖိစီးကြရသည်။ ၀ိဇ္ဇာဘာသာတွဲများတွင် စာသင်စရိတ်ကွာခြားမှုမရှိသော်လည်း၊ သိပ္ပံတွဲများနှင့်နည်းပညာဆိုင်ရာဘာသာတွဲများ၌ ဘာသာရပ်ပေါ်မူတည်၍ လက်တွေ့ခန်းသုံးပစ္စည်းများနှင့် စာအုပ်စာတမ်းကုန်ကျစရိတ်များ ကွာခြားလေ့ရှိတတ်သည်။
ကျွန်တော့်အနေဖြင့် တက္ကသိုလ်ပညာရေးသည် အသက်မွေးဝမ်းကြောင်းလုပ်ရမည့်အလုပ်အကိုင်နှင့် ဆက်စပ်နေမှ အဓိပ္ပါယ်ရှိသည်ဟုယူဆပါသည်။ အဘယ့်ကြောင့်ဆိုသော် အချို့ဝါသနာအရ ရွေးချယ်ကြမည့်အလုပ်အကိုင်များမှာ တက္ကသိုလ်ပညာရေးနှင့် တိုက်ရိုက်ပတ်သက်မှုမရှိခြင်းကြောင့်ဖြစ်သည်။ ဥပမာ- ဖက်ရှင်ဒီဇိုင်နာဖြစ်လိုသူတစ်ဦးသည် တက္ကသိုလ်တစ်ခုခုတွင် အချိန်မဖြုန်းသင့်ပါ၊ သက်ဆိုင်ရာ ဖက်ရှင်ဒီဇိုင်းအင်စတီကျု့တစ်ခုသို့ တိုက်ရိုက်တက်ရောက်သင့်သည်။ ရုပ်ရှင်၊ ဂီတ အပါအ၀င် ပန်းချီ၊ ပန်းထိမ်ပညာရှင်ဖြစ်လိုသူများသည်လည်း အနုပညာဆိုင်ရာအကယ်ဒမီများသို့တက်ရောက်ခြင်း၊ သက်ဆိုင်ရာပညာရှင်များထံ၌ အောက်ခြေသိမ်းမှအစ သင်ယူခြင်းရှိမှသာ အချိန်ကုန်သက်သာသလို၊ လျင်မြန်စွာ၊ ထူးချွန်စွာ အသက်မွေးကြောင်းနိုင်မည်ဖြစ်သည်။
အချို့ကဘွဲ့ရသွားလျှင် ပြီးပြည့်စုံသွားပြီဟုထင်ကြသည်။ လုပ်ငန်းခွင်ထဲရောက်မှသာ အခြားကျွမ်းကျင်မှုများလိုနေသေးကြောင်းသိလာရသည်။ တခါတရံ အလုပ်မှတောင်းဆိုသော ကျွမ်းကျင်မှုအရည်အသွေးများသည် သင်ထားသောဘွဲ့နှင့်သက်ဆိုင်မှုလုံးဝမရှိသည်လည်း ကြုံရတတ်သေးသည်။ ထိုအခါမျိုးတွင် ဘွဲ့ရအောင် အချိန်ပေးခဲ့ရသော တက္ကသိုလ်စာသင်နှစ်များသည် ကျောင်းသားအတွက်အကျိုးမရှိသလို၊ ကျောင်းတော်အတွက်လည်း နစ်နာမှုဖြစ်သည်။
ဘယ်လိုင်းရွေးမလဲ၊ ဘယ်တက္ကသိုလ်တက်မလဲ..ဟုစဉ်းစားကြရာ၌ လက်တွေ့ကျကျချဉ်းကပ်ခြင်းထက် များသောအားဖြင့် ဂုဏ်ပကဿနဘက်သို့ ကိုင်းညွှတ်ခြင်းကလည်း ဆိုးရွားသောအလေ့အထတစ်ခုဖြစ်နေပြန်သည်။ သည့်အတွက်ကြောင့် ၀ါသနာမပါဘဲ ဆေးကျောင်းတက်နေရသူများ၊ အင်ဂျင်နီယာဘွဲ့ရပြီးမှ အဆိုတော်အဖြစ်အသက်မွေးသူများအကြောင်း ကြားသိနေရခြင်းဖြစ်သည်။
ဘယ်လိုင်းရွေးမလဲဆိုရာ၌ လူကြိုက်များမှု၊ ဂုဏ်ရှိမှုထက် နိုင်ငံတော်မှချမှတ်နေသော စီးပွါးရေးလမ်းကြောင်းအပြောင်းအလဲကို မဖြစ်မနေ သုံးသပ်ကြည့်သင့်သည်။ တိုင်းပြည်က လာမည့်ငါးနှစ်အတွင်း ဆရာဝန်ဘယ်လောက်လိုနေသလဲ၊ အင်ဂျင်နီယာဘယ်လောက်လိုအပ်ချက်ရှိသလဲ၊ စီးပွါးရေးစီမံခန့်ခွဲမှုဆိုင်ရာ မန်နေဂျာ၊ ဒါရိုက်တာ၊ စီအီးအိုဘယ်နှစ်ယောက်လိုအပ်နေသလဲ၊ စက်မှုလယ်ယာကဏ္ဍ၌ သုတေသနပညာရှင်ဘယ်နှစ်ယောက်လိုနေသလဲ၊ အိုင်တီကဏ္ဍ၌ အိုင်တီပညာရှင်များမည်မျှလိုအပ်ချက်ရှိသလဲ..စသဖြင့် မျှော်ကြည့်ဖို့လိုပါသည်။ သည့်အတွက် နိုင်ငံတော်စီမံကိန်းများဘက်က ပွင့်လင်းမြင်သာမှုရှိရမည့်အပြင်၊ ကော်ပိုရေးရှင်းများဘက်မှ ၀န်ထမ်းရွေးချယ်မှုဆိုင်ရာသုံးသပ်ချက်စာတမ်းများထုတ်ပြန်ပေးဖို့လိုအပ်ပါသေးသည်။
အမှန်တော့ ပညာရေးသည် စီးပွါးရေးမဟုတ်။ ပညာရေးသည် ရင်းနှီးမြုပ်နှံမှုတစ်ခုသာဖြစ်သည်။ သို့သော် လူမှန် နေရာမှန် အချိန်မှန် ရင်းနှီးမြုပ်နှံမှုဖြစ်မှသာ အကျိုးအမြတ်များထွက်ပေါ်လာမည်ဖြစ်သည်။ သည့်အတွက် အဆင့်မြင့်ပညာရေးတွင်ရှိသော တြိဂံပုံစံ၏ဆက်စပ်မှုမှာ ပိုမိုတန်ဖိုးကြီးသလို၊ အမှားခံနိုင်မှုနည်းပါးသည်ကိုလည်း တွေ့ရသည်။
ကျွန်တော့်အနေဖြင့် ဘယ်ကျောင်းတက်မလဲဟူသောအချက်ကို ဆက်လက်လေ့လာကြည့်သည့်အခါ တက္ကသိုလ်များ၏ကျော်ကြားမှုနောက်လိုက်နေသည့်အချက်ကို အဓိကထားနေသလားဟုသံသယရှိမိသည်။ ထိုအချက်သည် နာမည်ကျော်တက္ကသိုလ်များထွက်ပေါ်ရာ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ ရေစီးကြောင်းတစ်ခုဖြစ်နေသော်လည်း၊ ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ ထိုအလေ့အထမှာ စိမ်းနေပါသေးသည်။ အကြောင်းမှာ အပြိုင်အဆိုင်ဖြစ်နေသော ပုဂ္ဂလိကတက္ကသိုလ်များမရှိသေးခြင်း၊ မိမိနေသော ဒေသန္တာရအလိုက် တက်ရောက်ရမည့်တက္ကသိုလ်ကိုသာ ဦးစားပေးရွေးချယ်ကြခြင်းတို့ကြောင့် ကျွန်တော်တို့အနေဖြင့် ဘယ်တက္ကသိုလ်တက်မလဲဆိုတာထက်၊ ဘယ်ဘာသာရပ်ယူမလဲဆိုသည်ကသာ ပိုပြီးစဉ်းစားနေကြရပါသည်။
မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်၊ နိုင်ငံတကာမှာပဲဖြစ်ဖြစ် ကျောင်းသည် ကျောင်းသား၏ဂုဏ်ကိုဆောင်ရမည်မဟုတ်ပါ။ ကျောင်းသားကသာ ကျောင်း၏ဂုဏ်ကိုဆောင်ရမည်ဖြစ်သည်။ ထူးချွန်ထက်မြတ်သောကျောင်းသားများ၏ ဂုဏ်သတင်းကြောင့်သာ ကျောင်းတော်များမှာ ပိုမိုဂုဏ်မြင့်လာခြင်းဖြစ်သည်။
အစပထမအားဖြင့် တက္ကသိုလ်ကျောင်းများ၏ ဂုဏ်ကို မှီရသော်လည်း၊ ကျောင်းပြီးသွားသည့်အခါ မိမိ၏ဂုဏ်သိက္ခာကို မိမိဘာသာတည်ဆောက်ကြရပါသည်။ ကျောင်းတော်ပြင်ပတွင် မိမိဘာလုပ်မလဲဟူသောအချက်သည် ကျောင်း၏ဂုဏ်ကိုလည်း ဆက်လက်အရောင်တင်သွားကြောင်း ရှေးကကျောင်းတော်သားကြီးများ၏လုပ်ဆောင်ချက်များက သက်သေခံနေသောကြောင့်ဖြစ်သည်။
တဆက်ထဲ၌ “ ပညာဘာ့ကြောင့်သင်ရသလဲ “ ဟူသော မေးခွန်းကို ပြန်လည်ခြေရာကောက်ကြည့်လိုပါသည်။ ပညာရှင်အများစုလက်ခံသောအဖြေကတော့ ကျွန်တော်တို့၏ စဉ်းစားပုံစဉ်းစားနည်းများမှန်ကန်ဖို့၊ ပြဿနာများကိုဖြေရှင်းနိုင်ဖို့အတွက်ဟူ၍ဖြစ်သည်။
သို့သော် ပညာသင်ကြားရခြင်း၏ရည်မှန်းချက်ကို အခြားရှုထောင့်မှလည်း ဆင်ခြင်ကြည့်ရန် ကျွန်တော်တိုက်တွန်းလိုပါသေးသည်။ ပညာသင်ကြားခြင်းဖြင့် ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်း၏ဘ၀များ ပိုမိုအရည်အသွေးရှိလာစမြဲဖြစ်သည် ထို့ပြင် မိမိ၏ဂုဏ်သိက္ခာကို မိမိဘာသာဖန်တီးနိုင်စမြဲဖြစ်သည်။ ဤသည်မှာ ငြင်းမရပါ။ ထိုတစ်ဦးတစ်ယောက်ချင်း၏ အရည်အသွေးပြည့်ဘ၀များ၊ ဂုဏ်သိက္ခာများကို ပေါင်းစပ်လိုက်သည့်အခါ တိုးတက်ခေတ်မီသည့်လူ့အဖွဲ့အစည်း…၊ ထိုမှတဆင့် နိုင်ငံတကာအလယ်တွင် ဂုဏ်သိက္ခာရှိသည့်နိုင်ငံတော်တစ်ရပ်အဖြစ် ဆက်လက်ဖြစ်ထွန်းလာသည့် လမ်းကြောင်းတစ်ရပ်ကို တွေ့မြင်ရမည်ဖြစ်သည်။
တိုင်းမ်စ်မဂ္ဂဇင်းမှ နာမည်ကျော်သတင်းစာဆရာတစ်ယောက်ဖြစ်သည့် ဖာရိဒ်ဇာကာရီယာ က သူ၏ ဟားဗတ်တက္ကသိုလ်ဘွဲ့ယူမိန့်ခွန်းတွင် ပြောကြားခဲ့သည့်စကားတချို့ကို ထုတ်နှုတ်တင်ပြလိုပါသည်။ သူက ထိုအခမ်းအနားတွင် သူ့အား ကျောင်းသားများက အနာဂတ်တွင် ခေတ်စားလာမည့်ဘာသာရပ်များနှင့်ပတ်သက်၍ အကြံပေးရန်မျှော်လင့်နေကြမှာ သိထားကြောင်း၊ နာနိုတက္ကနိုလိုဂျီဘာသာရပ်ကိုရွေးချယ်ကြမည်လား၊ ဘိုင်အိုအင်ဂျီနီယာဘာသာရပ်ကို တက်ကြရမည်လား အစရှိသဖြင့် တခုခုပြောစေချင်မှာ သိနေပါကြောင်းနှင့် အမှန်တကယ်တော့ အနာဂတ်တွင် ဘယ်ဘာသာရပ်မျိုးခေတ်စားလာမည်ကို သူကိုယ်တိုင်လည်း မသိကြောင်း ရှင်းပြပါသည်။ ထိုနောက် သူက ဘာသာရပ်များ၊ ကျောင်းများ၊ တက္ကသိုလ်များ၏နောက်ကွယ်တွင်ရှိနေသော ပညာရေး၏ပင်မတန်ဖိုးကို ယခုလိုပြောဆိုခဲ့သည်။
“ ကျွန်တော် အသေအချာသိနေတဲ့အချက်ကတော့ လူသားတွေဟာ နှလုံးရည်ပြည့်ဝတဲ့သူတွေကို ခေတ်အဆက်ဆက်ထဲက တန်ဖိုးထား၊ ဂုဏ်ပြုလာတဲ့အလေ့အထအတိုင်း ဆက်လက် အလေးထားချီးမြောက်နေမှာကိုပဲ “
“ ထူးချွန်ထက်မြက်မှု “
“ မဆုတ်မနစ်ကြိုးစားမှု “
“ စည်းစနစ်ကျနမှု “
“ ရဲစွမ်းသတ္တိရှိမှု “
“ သစ္စာစောင့်သိမှု “
“ ချစ်ခြင်းမေတ္တာ “ နဲ့
“ ရက်ရောဝေမျှတတ်တဲ့နှလုံးသားရှိမှု “ တွေကို တန်ဖိုးထားနေကြဦးမှာပဲ။ ဒီအရည်အချင်းတွေရှိမှသာ လူသားတွေကို ကြီးကျယ်မြင့်မြတ်တဲ့ဘ၀နေထိုင်မှုဖြစ်စေနိုင်မှာဖြစ်ပါတယ် “ ဟု ပြောကြားခဲ့သည်။
သည်အချက်ကြောင့်ပင် ခေတ်အဆက်ဆက်ထဲက နှလုံးရည်ပြည့်ဝသူများအကြောင်း ကျွန်တော်တို့ သင်ကြားခဲ့ရသည်။ သူတို့၏ရုပ်ပုံများ ကျောက်ဆစ်ထုလုပ်ခြင်းဖြင့် ဂုဏ်ပြုခဲ့ကြသည်။ ၀မ်းနည်းစရာကောင်းသည်မှာ ယနေ့ခေတ်တွင် ပညာတတ်များ တိုးပွါးလာသလောက်၊ ကျောက်ရုပ်ထုလုပ်၍ ဂုဏ်ပြုရလောက်အောင် မမေ့အပ်သည့်ပုဂ္ဂိုလ်များ ရှားပါးလာခြင်းဖြစ်သည်။
ဘွဲ့လက်မှတ်များမည်မျှပင်ရနေပါစေ..၊ မည်သည့်နာမည်ကျော်ကျောင်းထွက်ပဲဖြစ်နေပါစေ..၊ ပညာရေး၏ပင်မတန်ဖိုးများပျောက်ဆုံးနေသရွေ့ ကျွန်တော်တို့ ပညာတတ်များဖြစ်သည်ဟု မကြွေးကြော်ကောင်းပါ။
သူရိယမျိုး
ပျော်ရွင်ပါစေ......